Low Risk, High Return


Trade တာပဲ ဖြစ်ဖြစ်၊ Invest လုပ်တာပဲ ဖြစ်ဖြစ် ကိုယ် ရင်းထားတဲ့ငွေနဲ့ ပြန်ရမယ့် အမြတ်ကို Risks & Return အမျိုးအစား (၄) မျိုးခွဲခြားနိုင်တယ်ဗျ။


Low Risk, Low Return
Low Risk, High Return
High Risk, Low Return
High Risk, High Return

ကျနော်တို့ လူငယ် အများစုက Low Risk, Low Return ကို သိပ်စိတ်မဝင်စားကြပါဘူး၊ မြန်မြန် ကြီးပွါးချမ်းသာချင်ကြတယ်ဗျ။ ဆိုတော့ Savings accounts, money market accounts, certificates of deposit (CDs) လို့ ခေါ်တဲ့ fix deposits account တွေထဲမှာ ငွေမစုချင်ကြဘူး၊ ဒီဟာတွေက ကိုယ့်ငွေထည့်ထားရင် သတ်မှတ်ထားတဲ့ အချိန်မှာ အတိုးပြန်ရဖို့ သေချာသလောက်ရှိတယ်ဗျ၊ Risk Zero တော့ မဟုတ်ဘူး၊ ဘဏ်ပြိုတာ ဘာညာလဲ ဖြစ်နိုင်သေးတယ်ဗျ။ အကြမ်းဖျင်း ဘဏ်တိုး တနှစ်ကို 5% လောက် ပေးကြပါတယ်။ ဥပမာ - 100,000$ ငွေစုထားရင် တနှစ်ကုန်တဲ့အခါ 105,000$ ရမှာပေါ့။ တဘဏ်နဲ့ တဘဏ် အတိုးနှုန်း မတူတဲ့အတွက် အတိအကျ မဟုတ်ဘူးဗျ။

ကျနော်တို့ လူငယ်တွေက Short-term US government bonds တွေကိုလဲ မဝယ်ချင်ကြဘူးဗျ၊ US အစိုးရက ငွေတိုက်စာချုပ်တွေ ထုတ်ပြီး ငွေချေးလေ့ရှိတယ်ဗျ၊ US အစိုးရက ငါတို့ အတိုးမပေးဘူးဟေ့ဆိုတာမျိုး ဖြစ်ဖို့တော်တော်လေး နည်းပါတယ်ဗျ။ ကျနော်တို့ လူငယ် အများစုက ပိုက်ဆံသိပ်မရှိကြပါဘူး၊ ဆိုတော့ ဒါမျိုးတွေကို သိပ်မလုပ်ချင်ကြဘူးဗျ။ လုပ်လဲ သိပ်မထူးဘူးလေ၊ ကိုယ့်မှာရှိတဲ့ပိုက်ဆံ နည်းနည်းပဲ ရှိတာကိုး။

ကျနော်တို့က High Risk, High Return တွေကို ကြိုက်ကြတယ်ဗျ။ ဒီအမျိုးအစားထဲမှာကျတော့ Small-cap stocks တွေ ပါတယ်၊ Technology startups ကုမ္ပဏီအသစ်တွေ ပါတယ်ဗျ။ သူတို့ကျတော့ ပေါက်သွားခဲ့ရင်လဲ ထောပြီပဲ၊ နည်းပညာအသစ်က မစွံလို့ မပေါက်ဘူး ကုမ္ပဏီ မွဲပြီဆိုလဲ ကိုယ်ရင်းထားတာ ပလုံပဲဗျ။ တကယ်ကို ပလုံပဲ၊ penny stocks တွေဗျ။ ကျနော်တို့က လူငယ်တွေဆိုတော့ စွန့်စားချင်ကြတယ်ဗျ၊ အခုဆို Crypto Currency အသစ်တွေပေါ့၊ ပေါက်ရင်လဲ တချက်ပဲ၊ ဝုန်းကနဲ ချမ်းသာပြီ။ မပေါက်ဘူးဆိုရင်လဲ ပလုံပဲ။

High Risk, Low Return အမျိုးအစားထဲမှာ ရွှေ ပါတယ်ဗျ၊ Commodities တွေကို ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် အဲတကွက်တော့ ရှိတယ်။ ငွေကြေးဖောင်းပွမှု (inflation) ကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့်လဲ ပြန်ရမယ့် return က နည်းတယ်ဗျ၊ ရွှေကို မစုသင့်ဘူးလားမေးရင် အထိုက်အလျောက် % တခုတော့ စုထားသင့်တယ်ဗျ။ ရွှေဈေးဆိုတာက အတက်အကျ ရှိတယ်ဗျ၊ တခါတလေ စတော့ဈေးထက်တောင် အတက်အကျ ကြမ်းပါသေးတယ်။ ကိုယ်ရောင်းတဲ့အချိန်မှာ ဈေးအကျဆုံးအချိန်မျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ကလဲ ငွေလိုနေတယ်၊ ရောင်းကိုရောင်းမှ ဖြစ်မယ့် အခြေအနေမျိုးမှာဆိုတော့ မိအေးနှစ်ခါနာပေါ့။

ရွှေဝယ်ထားရင် Opportunity Cost တက်လာပါတယ်ဗျ၊ ရွှေဝယ်ထားရင် အမြတ်ငွေ (dividends) နဲ့ အတိုး (interest) မရပါဘူး။ ရွှေ ဝယ်ပြီး ကိုင်ထားတဲ့အတွက် တခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဆုံးရှုံးတတ်ပါတယ်ဗျ။ Opportunity Cost ကို Finance အခြေခံ မရှိတဲ့သူတွေကို ရှင်းပြရင် သိပ်လက်ပေါက်ကပ်ပါတယ်။ အဟားခံရနိုင်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး ဖြစ်စဉ်တွေ သမားရိုးကျ မဟုတ်ပဲ ကမောက်ကမ ဖြစ်ခဲ့ရင် ရွှေဈေးက အတက်အကျ ပိုကြမ်းပါတယ်ဗျ။ ရွှေကို ရေတိုရင်းနှီးမြှုပ်နှံဖို့ သိပ်မသင့်တော်ပါဘူး၊ ရေတိုအမြတ်ရဖို့ မလွယ်လို့ပါဗျ။ ရေတို အရောင်းအဝယ် လုပ်ရင်တော့ အမြတ်အစွန်းရဖို့ များပါတယ်၊ ကိုယ် ကျွမ်းကျင်ရင်ပေါ့လေ။ ဒါ့ကြောင့်လဲ ရွှေရောင်းတဲ့သူတွေက ပိုချမ်းသာလာကြတာပါ။ ရွှေဝယ်ရင်တောင် အထည်၊ အခေါက်၊ ဒင်္ဂါး၊ ရွှေချောင်း အကျိုးပေးပုံခြင်း မတူပါဘူး။ တကယ်လို့များ ရွှေကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ ရွှေဒင်္ဂါး၊ ရွှေချောင်းတွေကို ရွေးချယ်ပါ၊ အထည်၊ အခေါက်တွေဝယ်ရင် ဆိုင်က အလျော့တွက် ကြိတ်ပါတယ်။ ရွှေစုတဲ့သူတွေက ရေတိုမှာ သိပ်မသိသာပါဘူး၊ ရွှေကို နှစ်ရှည်လများ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေသာ အကျိုးအမြတ်ရတာကို Gold Chart ကြည့်ပြီး သတိထားမိနိုင်ပါတယ်။

တကယ်ချမ်းသာတဲ့သူတွေကတော့ Low Risk, High Return ဟာတွေကို ရွေးကြတယ်ဗျ။

Low Risk, High Return ဆိုတဲ့အမျိုးအစားထဲမှာ အမြတ်ငွေ (Dividend) ခွဲပေးတဲ့ stocks တွေ ပါတယ်ဗျ။ အမြတ်ငွေ (Dividend) ခွဲပေးတဲ့ stocks တိုင်းတော့ မဟုတ်ပါဘူး၊ ဒီလို Dividend Stocks တွေကို ရွေးမယ်ဆိုရင်တော့ သီးသန့် ပြောမှရမယ်ဗျ။ အလွယ်ပြောရရင် Warren Buffett က Coca Cola stock ကို ဘာလို့ရင်းနှီးမြှုပ်နှံရသလဲဆိုတာ ရှာဖတ်ကြည့်ပါ။ ၃ လတခါ အမြတ်ပေးတယ်၊ နှစ်ကြာလာတဲ့အမျှ အမြတ်ပေးတဲ့ နှုန်းကလဲ တဖြေးဖြေး တက်လာတယ်၊ dividends history ကောင်းတယ်ဗျ၊ ရှယ်ယာဈေးကလဲ တက်လာတယ်ဗျ။ သူ ဝယ်ထားတဲ့ KO Stocks တွေက တန်ဖိုးအားဖြင့် နှစ်ဆလောက် ဖြစ်နေပြီ။ KO stock အကြောင်း အင်တာဗျူးတွေမှာ Warren Buffett က Coca Cola ကုမ္ပဏီက တခြားဖျော်ရည်ကုမ္ပဏီတွေထက် "economic moat" ဖြစ်တယ်ဆိုပြီး ရှင်းပြထားပါတယ်။ ပြိုင်ဘက်ကုမ္ပဏီတွေထက် ဈေးကွက်ဝေစုများအောင်၊ အမြတ်များအောင်၊ အကုန်အကျ သက်သာအောင်၊ စသဖြင့် အသာစီးရအောင် ရေရှည်လုပ်နိုင်တဲ့ ကုမ္ပဏီပေါ့ဗျာ။

Low Risk, High Return ထဲမှာ Real estate လဲပါတယ်ဗျ၊ ကျနော်က Real estate မလုပ်ပါဘူး၊ လုပ်ဖို့လဲ အဲလောက် ပိုက်ဆံမရှိသေးဘူးလေ၊ ရှာနေတုန်းပဲ။ အိမ်ခြံမြေကလဲ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ အချိန်ရတိုင်း လေ့လာဖြစ်ပါတယ်။ ကျနော်ကတော့ Stock လုပ်တဲ့သူ ဆိုတော့ Real estate investment trusts (REITs) Stock တွေ ဝယ်ဖြစ်ပါတယ်။ REITs တိုင်းလဲ Low Risk, High Return မဟုတ်ပါဘူး၊ သေချာလေ့လာသုံးသပ်ဖို့ လိုပါတယ်ဗျ။ COVID ဖြစ်ပြီးတော့ Office Building တွေကို ရင်းနှီးမြှုပ်နှံတဲ့သူတွေ တိုင်ပတ်ကြတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်ဗျ။ Work from Home လုပ်လို့ရတဲ့ အလုပ်တွေက ကုမ္ပဏီအတွက် ရုံးခန်းနေရာ မငှါးချင်ကြတော့ဘူး။ San Francisco မှာ ရုံးခန်းလွတ်တွေ အများကြီး ထွက်လာတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်ဗျ။ RE က ကျနော့်လိုင်း မဟုတ်တော့ ထဲထဲဝင်ဝင်တော့ မသိဘူးပေါ့ဗျာ။ အကြမ်းဖျင်းအားတော့ အိမ်တွေ၊ တိုက်ခန်းတွေ၊ ခြံတွေ ဝယ်ပြီး ငှားစားပေါ့၊ ဝယ်မယ်ဆိုလဲ နေရာကောင်းတာလေး၊ အရှုပ်အရှင်း ကင်းတာလေး ရွေးဝယ်ပေါ့ဗျာ။ ဒါနဲ့ Bill Gates က US မှာ farmland တွေကို အများဆုံးပိုင်ဆိုင်တဲ့ ပိုင်ရှင်တဦးဗျ။

Stocks တွေ မဝယ်ချင်ဘူးဆိုရင် US Treasury Bills တွေထဲက Series I Savings Bonds တွေဝယ်ပေါ့၊ ခြောက်လတခါ အတိုးနှုန်း အပြောင်းအလဲ ရှိပါတယ်။ ငွေကြေးဖောင်းပွမှု (inflation) ပေါ် မူတည်ပြီး ဘဏ်တိုးနှုန်းက အတက်အကျ ဖြစ်နေပါတယ်။

လူတိုင်းမှာ မတူညီတဲ့ ဝင်ငွေ၊ စုဆောင်းငွေ၊ အသက်အရွယ် မတူတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ရွေးချယ်တဲ့အခါ တယောက်နဲ့ တယောက် အမြင်တူမှာ မဟုတ်ပါဘူး။ ဂုရုကြီး Peter Lynch ပြောဖူးတဲ့ စကားတခွန်းရှိတယ်ဗျ။ "Know what you own, and know why you own it."

မတူညီတဲ့ Asset Class တွေကို လေ့လာပါ၊ ပြန်ရမယ့် Risks & Reward ကို လေ့လာပါ၊ ကိုယ့်ရဲ့ ဝင်ငွေ၊ စုဆောင်းငွေ၊ အသက်အရွယ်ပေါ် မူတည်ပြီး Equities ဝယ်မလား၊ fixed income ထားမလား၊ cash and cash equivalents ကိုင်ထားမလား၊ real estate ဝယ်မလား၊ ရွှေလို commodities ဝယ်ထားမလား၊ ဒါမှမဟုတ် ဒေါ်လာ၊ ယူရို စသဖြင့် ငွေကြေး currencies တွေကို ကိုင်ထားမလားဆိုတာ စဉ်းစားရမှာပါ။ ဘာမှ မဝယ်နိုင်သေးဘူးဆိုရင်လဲ စိတ်မပျက်ပါနဲ့၊ ကိုယ့်ရဲ့ ဝင်ငွေကို တိုးပွါးအောင် အရင်လုပ်ပါ။

Stock ဝယ်မယ်ဆိုရင်လဲ နိုင်ငံအလိုက် အစိုးရရဲ့ မူဝါဒကို ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်ဗျ၊ ကျနော်ကတော့ တရုတ်စတော့တွေကို ရင်းနှီးမြှုပ်နှံမှု မလုပ်ပါဘူး၊ ရေတိုအရောင်းအဝယ် (Trade) ပဲ လုပ်ပါတယ်ဗျ။

မင်းသုအောင်
-------------------------------------------------
မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။
-------------------------------------------------

Comments

Popular posts from this blog

၂၀၂၄ မှာ ဘာတွေ ဝယ်ကြမလဲ၊ အပိုင်း (၁)

Consumer Healthcare Sector

Coffee Can Investing Strategy